တာချီလိတ် ဇွန်
၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၆ ရက်၊ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ကျင်းပ ပြုလုပ်ကြောင်းသိရသည်။ အခမ်းအနားတွင်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ က အဖွင့်အမှာစကား ပြောကြားပြီး၊
ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ
အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ကျော်ဆွေ ထံမှ ပေးပို့သော
သ၀ဏ်လွှာအား ဖတ်ကြားသည်။ ဆက်လက်၍ ခရိုင်ကုသရေးဦးစီးဌာနမှ
ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇင်ကိုကိုအောင် က မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်
ရရှိလာသည့် ဆိုးကျိုးများနှင့်
မူးယစ်ဆေးစွဲရောဂါ အကြောင်းကို
ရှင်းလင်းဟောပြောပြီး၊ ခရိုင် ဥပဒေအရာရှိ
ဦးရဲမြင့် က
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာများကို ရှင်းလင်းဟောပြောသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊
ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့်
စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူ (၆၀)ဦးနှင့် ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင်
စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်(၃)ဦးတို့အား
တာဝန်ရှိသူများက
ဆုချီးမြှင့်ပေးသည်။ အဆိုပါ အခမ်းအနားသို့
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီးကျော်ကိုထိုက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ
တက်ရောက်ပြီး၊ အခမ်းအနား အပြီးတွင်
တက်ရောက်လာသူများက
ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး မှတ်တမ်းဓါတ်ပုံများ၊
နံရံကပ်စာစောင်များ၊ ပြိုင်ပွဲဆုရ ပန်းချီ၊
ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံး ဆုရ လက်ရာများအား
ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝေယံလင်း