တာချီလိတ် မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အခြေခံ အိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇၃) နှင့်
အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်
(၄၃)ဖွင့်ပွဲကို ယနေ့ မေလ ၉ ရက်၊ နံနက် ၉ နာရီ က အဆိုပါသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
ထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ ဌာန ဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးကြည်မြင့်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း
ပညာသင်တန်းကျောင်းများကို နယ်စပ်ဒေသရှိ တိုင်းရင်းသူကလေးများအား အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင် နိုင်သည်အထိ ကူညီဆောင်ရွက်ရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုစောင့်ထိန်းပြီး အကျင့် စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးများဖြစ်လာစေရန်၊ တိုင်းချစ်၊ပြည်ချစ်၊ မျိုးချစ်စိတ် အစဉ်ရှင်သန် ထက်မြက် နေသည့် အမျိုးသမီးလေးများဖြစ်လာစေရန်နှင့် ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှု အတတ်ပညာများ ပိုမိုထွန်းကား ပြန့်ပွားလာစေရန် ဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းရည်ရွယ်ချက်များနှင့်အညီ မိမိတို့ ဘ၀ အောင်မြင်တိုးတက်လာရေး ပြီးမြောက်အောင် သင်ယူလေ့ကျင့်ပြီး စွမ်းဆောင်ရှင် အမျိုးသမီးကောင်းများ ဖြစ်လာစေရန်၊ မိဘများနှင့် ပတ်ဝန်းကျင်ကို ထောက်ပံ့ ပေးနိုင်ပြီး ဒေသမှ အားကိုးဂုဏ်ယူထိုက်သူဖြစ်အောင် ကြိုးစားသင်ယူသွားရန် အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားသည်။ အဆိုပါသင်တန်း သို့ တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့တို့မှ အခြေခံ သင်တန်းသူ (၃၄)ဦးနှင့် အဆင့်မြင့် သင်တန်းသူ (၆)ဦး စုစုပေါင်း (၄၀)ဦး တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းအား ၉-၅-၂၀၁၆ ရက်နေ့မှ ၁၂-၈-၂၀၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း