တာချီလိတ် ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်
ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်သူများအား ပိုမိုစနစ်ကျပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ရှင်းလင်းခြင်းကို ဇွန် ၂၉ ရက်၊
နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရေနံဓာတ်ငွေ့ရည်ဆိုင်ရာသိကောင်းစရားများ၊
ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်အိုးများ
ရောင်းချရာတွင် မီးဘေးအန္တရာယ်နှင့်
လုပ်ငန်းခွင် အန္တရာယ် မဖြစ်ပေါ်စေရန် သတိပြုလိုက်နာရမည့် အချက်များ၊ ရေနံဓာတ်ငွေ့ရည်
သုံးစွဲသူများ အထူးဂရုပြု လိုက်နာဆောင်ရွက်ရန် အချက်များ၊ ဆောင်ရွက်ခွင့်ပြုသည့် လုပ်ငန်းအပေါ် လိုင်စင် အမျိုးအစားများအား အသိပညာပေးဟောပြောခြင်း နှင့် ပြည်သူ့အတွက် ပထမရက်
၁၀၀ ဆောင်ရွက်မှု အဖြစ် ယာယီလိုင်စင်များ ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဦး က အခမ်းအနား၌ ပြောကြားသည်။
အဆိုပါ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များက သိလိုသည်များအား
မေးမြန်ဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ ပညာပေးလက်ကမ်း စာစောင်များကို
ဖြန့်ဝေပေးသည်။ ထို့နောက် ရေနံဓာတ်ငွေ့ရည်အိုးများကို
သိုလှောင်ရုံ
Cylinder Warehouse ဖြင့် သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက်
(ဃ)လိုင်စင်နှင့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေအိုးများကို တိုက်ခန်း၊
ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် လိုင်စင်(င)တို့အား တာချီလိတ်မြို့မှ
(၃၀)ဦး နှင့် မိုင်းယောင်းမြို့မှ (၁)ဦး
စုစုပေါင်း(၃၁)ဦးတို့အား
ယာယီလိုင်စင်များထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း