တာချီလိတ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌  တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် မှုခင်းများလျော့နည်း ပပျောက်စေရေးအတွက်  နိုဝင်ဘာ ၅ ရက်၊  ညပိုင်းက  ဝိန်းကျောက် ရပ်ကွက်၊  ရွှေဘူးသီးဟိုတယ်ရှေ့ရှိ  ဗိုလ်ချုပ်လမ်းတွင်  ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပိတ်ဆို့ရှာဖွေစစ်ဆေးရာတွင်  ဟောင်လိတ်ရဲကင်းစခန်းမှူး  ရဲအုပ် ချမ်းမြေ့အောင် ဦးစီးသည့် တပ်ဖွဲဝင်များ၊ ရှမ်းပြည်နယ်မှုခင်းအကူရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် ဝေလင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ချမ်းသာ နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်များပါဝင်သည့်  ပူပေါင်းအဖွဲ့က မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား လုံခြုံရေးအရ စစ်ဆေးရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့အနေဖြင့် နယ်စပ်မြို့သည့်အတွက်  တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ  ဘေးကင်းလုံခြုံရေး နှင့် မှုခင်းများလျော့နည်း ပပျောက်စေရေး  ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းကို  မြို့အ၀င် မြို့အထွက်၊ မြို့တွင်း လမ်းဆုံများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၌  စဉ်ဆက်မပြတ် စစ်ဆေးရှာဖွေမှုများ  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
                                                                                      ဝေယံလင်း









 
Top