တာချီလိတ် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
(NCA) လက်မှတ်ရေးထိုးခြင်းအား ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ၊ မြို့မိမြို့ဖများ၊
နိုင်ငံရေးပါတီများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက
ထောက်ခံသည့် အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၃ ရက်၊
နံနက် ၆ နာရီခွဲက ကျင်းပသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)
ထောက်ခံသည့် အခမ်းအနားကို ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊
မြို့ပေါ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုများမှ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားများပါဝင်သော တိုင်းရင်းသား
ပြည်သူအင်အား (၁၅၀၀)ခန့်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊
ရှမ်းရိုးမကွင်းမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို ဂုဏ်ပြုကြေညာခြင်း၊ စာချုပ်ပါ သဘောတူညီချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး နှင့်
ဖွံ့ဖြိုး တိုးတက်ရေး ၊ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အား အောင်မြင်စွာ လက်မှတ် ရေးထိုးခြင်းကို
ထောက်ခံပါသည် စသည့်
ဗီနိုင်းပိုစတာများ၊ လက်ကိုင် ပိုစတာများ
ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့်
အောင်မြတ်ခန်းမ သို့ တစ်ပတ် စီတန်းလှည့်လည်ကြသည်။
ဆက်လက်၍ အခမ်းအနား
ကျင်းပရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသား ဦးစိုင်းကျော်ဇံ က သဘာပတိအဖြစ်
ဆောင်ရွက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် အာခါတိုင်းရင်းသား ဦးထွန်းအောင်
က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)အောင်မြင်စွာ
လက်မှတ် ရေးထိုးခြင်းကို ထောက်ခံခြင်းအဆို အားလည်းကောင်း၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးကြည်မြင့် က ထောက်ခံကြိုဆိုခြင်း အဆိုကို တင်သွင်းကြပြီး၊ သဘာပတိက တက်ရောက်လာသူများ၏
ထောက်ခံသဘော တူညီခြင်းကို တောင်းခံရယူရာ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများက တစ်ခဲနက်ထောက်ခံ
ခဲ့ကြပြီး၊ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝေယံလင်း