တာချီလိတ်  အောက်တိုဘာ  ၂၁
          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရှမ်းပြည်နယ်တာဝန်ခံ  ဦးစိုင်းနွံတောင်း သည်  ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ခရိုင် ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ၊  နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းပွဲကို  အောက်တိုဘာ   ၂၁ ရက် ၊ နံနက် ၁၀ နာရီ က  တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
          အစီအစဉ်အရ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးစိုင်းနွံတောင်း က      အဖွင့်အမှာစကား ပြောကြားရာတွင်  အထွေထွေရွေးကောက်ပွဲအား  အေးချမ်းတည်ငြိမ်ပြီး၊ လွတ်လပ်တရားမျှတ၍  ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်း၊ ကော်မရှင်အဆင့်ဆင့်အနေဖြင့်   ပြည်သူများက  ကိုယ်စားလှယ်လောင်းများအား    ရွေးချယ် ရာတွင်  အရည်အချင်းရှိပြီး  မျှတမှုရှိသည့် ခေါင်းဆောင်ကောင်းများ  ဥပဒေ နှင့်အညီ  ရွေးချယ်နိုင်ရေးကို   ဆောင် ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေအခန်း(၁၃)ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ၊ ပြစ်ဒဏ်များ၊  အခန်း(၁၄)တရားမဲ့ပြုကျင့်မှုများကို  လေ့လာ၍   ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များ     သိရှိ နားလည်ပြီး   ဥပဒေ အကာအကွယ် ရယူရန် နှင့် ဆောင်ရန်၊  ရှောင်ရန်များကို လေးစားလိုက်နာဆောင်ရွက် သွား ကြရန်  အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ  ဦးစိုင်းလုံးရှဲန်  က    ကြိုတင်မဲ ဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ လုပ်ငန်းစဉ်များကိုလည်းကောင်း ၊  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ     ဥက္ကဋ္ဌ   ဦးကြည်ဝင်းမောင်  က   လွတ်လပ်၍    တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး    စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ   ဆင့်ပွားသင်တန်းဖွင့်လှစ်ဆောင်ရွက် နိုင်မှု၊    မဲရုံလုံခြုံရေးစီစဉ်ထားရှိမှု နှင့်     မဲရုံများအား ဆက်သွယ်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးရဲမြင့် က  မဲရုံပရုဝုဏ်သတ်မှတ်ခြင်းဆိုင်ရာများ၊ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူများ၏ လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထိန်မင်း က မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု၊ မဲရုံမှူးများအား ဆင့်ပွားသင့်တန်းဖွင့်လှစ်နိုင်မှုနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များအား သင်တန်းဆက်လက်ဖွင့်လှစ်မည့်အစီအစဉ်များ၊   မဲလက်မှတ်နှင့်  မဲရုံသုံးပစ္စည်းများစီစဉ်ထား ရှိမှု၊ ကြိုတင်မဲထုတ်ပေးမည့်အစီအစဉ်များနှင့်   ဖြည့်ဆည်းဆောင်ရွက်ပေးရန် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း    ရှင်းလင်းတင်ပြသည်။
          ယင်းနောက် တက်ရောက်လာသည့်  ကော်မရှင်အဖွဲ့ဝင်များ နှင့် နိုင်ငံရေးပါတီများ  က     ဆောင်ရွက်ပေး ရမည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြရာ  ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် က      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
                                                                                                          ဝေယံလင်း(iprd)








 
Top