တာချီလိတ် အောက်တိုဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ
နှင့် ဟိန်းလင်းစံသတ္တု တူးဖော်ရေး ကုမ္ပဏီလီမိတက် တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့်တာချီလိတ်မြို့ ရေပေးဝေရေး
စီမံကိန်းလုပ်ငန်း၏လူမှုပတ်ဝန်းကျင်ထိခိုက်မှု
လေ့လာဆန်းစစ်ခြင်းလုပ်ငန်းအတွက်ဒုတိယအကြိမ်မြောက်
လူထုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ
၈ ရက် ၊ မွန်းလွဲ ၁ နာရီက အောင်မြတ်ခန်းမ၌
ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာ စကားပြောကြားပြီး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအလုပ်အမှုဆောင်
အဖွဲ့ဝင်၊ ကုမ္ပဏီအကြံပေး ဦးခင်မောင်ဌေး က စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် Green
Myanmar Environmental Services Co.Ltd. ဥက္ကဋ္ဌ ဦးစိန်သောင်းဦး က စီမံကိန်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ တွေ့ရှိချက်များအရ
ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များနှင့် ပတ်ဝန်းကျင်ရေးရာ စောင့်ကြပ်ကြည့်ရှုမှု အစီအမံများ၊ စီမံကိန်းလုပ်ငန်းအပေါ် သုံးသပ်ချက်များ
၊ အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးပြီး၊
GMES Co,Ltd. မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးဝင်း
က လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ တွေ့ရှိချက်များအရ သက်ရောက်မှုများ၊ အရေးယူဆောင်ရွက်ရန် နည်းလမ်းများနှင့် စောင့်ကြပ်
ကြည့်ရှုမည့်လုပ်ငန်းအစီအစဉ်
များကို အကျယ်တ၀င့်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေး
မေးမြန်းရာ ၊ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး၊
ဟိန်းလင်းစံသတ္တုတူးဖော်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးလောတာ က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ
မြို့ပြရေပေးဝေရေးစီမံကိန်းလုပ်ငန်းသည်
တာချီလိတ်မြို့၏ အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ
ရှိ မယ်ဆိုင်နွဲ့ချောင်းရေအရင်းအမြစ်မှ ရယူကာစီမံကိန်းလုပ်ငန်း၏ခန့်မှန်းကုန်ကျငွေကျပ်
သိန်းပေါင်း(၁၆၀၀၀၀)ကျော်
အကုန်အကျခံ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။ ယင်း ရေပေးဝေရေးစီမံကိန်းလုပ်ငန်း
အောင်မြင်ပြီးစီးပါကသဘာဝရေအရင်းအမြစ်ကိုအခြေပြုပြီး ခေတ်မီ
နည်းပညာဖြင့် သန့်စင်ထားသည့် သန့်ရှင်းသောရေကို
ထိရောက် လုံလောက်စွာ ဖြန့်ဝေသုံးစွဲခြင်းဖြင့်
လူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်သာယာ လှပ ရေးအတွက်
အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မြို့နေပြည်သူများ
ရေနှင့်ပတ်သက်သည့် သောက ကင်းဝေးပြီး
လူနေမှုဘ၀ ပျှော်ရွှင်ချမ်းမြေ့စေသော အနာဂတ်လုံခြုံမှု ပိုင်ဆိုင်စေမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင်
ပထမဆုံးသော စံပြစီမံကိန်းဒီဇိုင်း၊ တိုင်းရင်းသားလူမျိုးစုတို့၏ တွဲလက်ညီသော စုစည်းမှုနှင့်
လုပ်ငန်း စွမ်းဆောင်ရည်အား သမိုင်း မှတ် ကျောက်
တင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသခံမျိုးဆက်သစ်ပညာ တတ် လူငယ်များ၊ ဒေသခံလူထုများအလုပ်အကိုင်အခွင့်အလမ်းနှင့် ခေတ်မီနည်းပညာ၊အသိပညာ၊အတတ်ပညာ
ဗဟုသုတများ ရရှိနိုင်မည်ဖြစ်ကြောင်း၊သဘာဝအရင်းအမြစ်ကို
အခြေပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအကျိုးဖြစ်ထွန်းစေသည့်အပြင် သဘာဝသက်ရှိ များနှင့် လူနေမှုဘ၀ အေးချမ်း သာယာပြီး
ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ယင်းအခမ်းအနားသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊
အတွင်းရေးမှူး ဦးကျော်ဇင်၊ အင်ဂျင်နီယာမှူး ဦးလှမျိုး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း