တာချီလိတ်  နိုဝင်ဘာ ၁၄
          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးစိုင်းနွံတောင်း သည်  တာချီလိတ်ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံပြီး  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  တည်ငြိမ်အေးချမ်း၍ လွတ်လပ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအား  သုံးသပ်ဆွေးနွေးပွဲကို  ယနေ့  နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီက  ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
          အစီအစဉ်အရ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အဖွဲ့ဝင် ဦးစိုင်းနွံတောင်း က တာချီလိတ်ခရိုင် တွင်  ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ကဏ္ဍအသီးသီး၌ တာဝန်ယူ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်  ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ  ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့်  ဌာနဆိုင်ရာဝန်ထမ်းများ၊     သတင်းမီဒီယာများ၊ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူများ က   စေတနာရှိရှိ  တာဝန်သိ၊ တာဝန်ယူစွာ ဂုဏ်ယူ ဆောင်ရွက်
 ပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ရိုးသား ကြိုးစားပြီး စိတ်ရင်းစေတနာ အမှန်ဖြင့်  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လေးစာလိုက်နာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရာနှုန်းပြည့် ပြီးပြည့်စုံမှု မရှိသော်လည်း  လုပ်ငန်းများ ပြီးဆုံးသည်အထိ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း၊  အချို့မြို့နယ်များ၌ လိုအပ်ချက်နှင့် အငြင်းပွားမှု အနည်းငယ်သာရှိခဲ့ကြောင်း၊ မည်သည့်ရွေးကောက်ပွဲ တွင်မဆို လိုအပ်ချက်များ အနည်းငယ် ရှိစမြဲပင် ဖြစ်ကြောင်း၊ ထိုသို့ စေတနာမှန်မှန်ဖြင့် အမှားအယွင်းနည်းစွာ သမိုင်းကိုကောင်းအောင် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူ များအားလုံးကို  ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ  ဦးစိုင်းလုံးရှဲန် က  ကျေးဇူးတင် စကားပြောကြားပြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးကြည်ဝင်းမောင်  က ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလများအတွင်း ဆောင်ရွက်ခဲ့မှုများ၊အငြင်းပွားမှု ဖြစ်စဉ်များအားဖြေရှင်း ဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း က  ရွေးကောက်ပွဲအောင်မြင်ရေးအတွက်  လုပ်ငန်းဆောင်ရွက်ရာတွင်  အားသာချက်၊ အားနည်း ချက်များအား အကြံပြုသုံးသပ်ဆွေးနွေးတင်ပြသည်။
          ယင်းနောက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် က နိဂုံးချုပ်အမှာစကားပြောကြားပြီး၊ ခရိုင်နှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများနှင့်အတူ  အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
                                                                                                          ဝေယံလင်း












 
Top