တာချီလိတ် နိုဝင်ဘာ
၂၀
နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသ
ဖွံ့ဖြိုးမှု ကွာဟချက်မရှိစေဘဲ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံအ၀န်း ဖွံ့ဖြိုးရေးစီမံကိန်းများ သတ်မှတ်၍ အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရာတွင်
နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေ
သကဲ့သို့ တစ်ဖက်တွင်လည်း ပြည်ပမှ
ထောက်ပံ့ကူညီမှုများရယူကာ
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်လျက်လည်းရှိပါသည်။
ပြည်ပမှအကူအညီရယူမှုများတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပြယုဒ်အဖြစ် မယ်ဖားလုံ
ဖောင်ဒေးရှင်း သည်လည်းအပါအ၀င်ဖြစ်သည်။ မယ်ဖားလုံဖောင်ဒေးရှင်းသည်
ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ပြီး၊
ဖူလုံမှုရှိသော လူနေမှုဘ၀သို့ တက်လှမ်းနိုင်ရန်ရည်ရွယ်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံရှိ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်း ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင်
မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး(ဗဟို)အဖွဲ့
(CCDAC) နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့
(ONCB)တို့ နားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံမှ မယ်ဖားလုံဖောင်ဒေးရှင်း (Mae Fah Luang Foundation )(MFLF) နှင့် မြန်မာနိုင်ငံမှ
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။
ထိုင်းနိုင်ငံအစိုးရမှ ထောက်ပံ့ငွေ ဘတ်သန်း(၃၅၀)ဖြင့်
တာချီလိတ်ခရိုင်တွင် အာခါ တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ (၁၂)ရွာ၊
မိုင်းဆတ်ခရိုင်တွင် ရှမ်း၊ အာခါ၊ လားဟူ၊
“ ၀ ” တိုင်းရင်းသာများနေထိုင်သည့် ကျေးရွာ (၄၄)ရွာ
စုစုပေါင်း (၅၆)ရွာအား ၂၀၁၂ ခုနှစ်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းကာလ(၆)နှစ်သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသည့် မိုင်းဆတ်ခရိုင်၊နားယောင်းကျေးရွာအုပ်စု၊ယောင်ခဒေသ
သို့ ထိုင်းနိုင်ငံတရားရေးဝန်ကြီးဌာနမှ
ဒုတိယ၀န်ကြီး Gen.Nivat Meenayotin ဦးဆောင်သော ကိုယ်စားလှယ်များ၊
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် အစားထိုးဖွံ့ဖြိုးရေး ဆိုင်ရာ နိုင်ငံတကာ
ညီလာခံ ( International Conference of Alternative Development ) ICAD-2 တက်ရောက်မည့်
ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ်(၁၀၀)ကျော်ပါဝင်သော အဖွဲ့သည် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ပြခန်း၊ပြကွက်များ
ကြည့်ရှု လေ့လာရန် နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ရောက်ရှိရာ
မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်း၊ ရေကြောင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်
မြ၀င်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။
ဆက်လက်၍ မိုင်းဆတ်မြို့နယ်၊ယောင်ခကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဝင်း အတွင်း၌
ပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒေသခံ ရှမ်း၊
အာခါ၊ လားဟူ၊ “ ၀ ” တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး၊
ပြည်ထဲရေးဝန်ကြီးဌာနမှ
ဒုတိယ၀န်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် မိုးပုံးပျံလွှတ်တင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထိုမှတဆင့် ဒုတိယ၀န်ကြီး ဦးဆောင်သော နိုင်ငံတကာမှ ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့သည် ယောင်ခဆေးရုံ
နှင့် တီဘီရောဂါကုသဆောင် ဆောက်လုပ်ထားရှိမှုအား လိုက်လံကြည့်ရှုခဲ့သည်။
ယင်းနောက် နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့များသည် အဖွဲ့(၅)ဖွဲ့ခွဲ၍ အစားထိုး ဖွံ့ဖြိုးရေး ဆိုင်ရာ စာသင်ကျောင်းဓာတ်ပုံပြခန်း၊ စိုက်ပျိုးရေးပျိုးခြံနှင့်စပါးစိုက်ခင်းပြကွက်၊
တောင်ပေါ်တိုင်းရင်းသား လူမျိုးစုများ၏ဘ၀ နေထိုင်မှု ပုံစံပြကွက်၊ ကျေးလက်ဒေသမွေးမြူရေးလုပ်ငန်းပြကွက်၊ လူထုအခြေပြု
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပြကွက်များအားလှည့်လည်ကြည့်ရှုရာကဏ္ဍအလိုက် ဆောင်ရွက်နေမှု
များ ကို တာဝန်ရှိသူများက အသီးသီး လက်တွေ့ရှင်းလင်းပြသပေးသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး ၊ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ရဲမှူးကြီး ဇော်လင်းထွန်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား
လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးအေးကို နှင့် တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်
အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ ၊တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြတ်ကျော် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် နှင့် ဌာနဆိုင်ရာများ၊
မယ်ဖားလုံဖောင်ဒေးရှင်းမှ ဦးခမ်းအောင်(Director of Myanmar programme)နှင့်တာဝန်ရှိ
သူများ၊ ထိုင်းနိုင်ငံ၊ မယ်ဖားလုံ ဖောင်ဒေးရှင်မှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်
ယဉ်ကျေးမှု အဖွဲ့များ တက်ရောက်သည်။
ဝေယံလင်း