တာချီလိတ် ဇန်န၀ါရီ
၂၃
မြန်မာနိုင်ငံတွင် ၂၀၀၇ခုနှစ်မှ စတင်၍ ပိုလီယိုရောဂါအရိုင်းပိုး ကင်းစင်သော အခြေအနေသို့
ရောက်ရှိခဲ့ပြီး၊
ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ပိုလီယိုကာကွယ်ဆေးတိုက်
လွှမ်းခြုံမှုများ တိုးတက်ကောင်းမွန်စေရေး၊ ရောဂါခုခံမှုစွမ်းအား ကွာဟချက်လျော့နည်းစေရေး၊ပိုလီယိုရောဂါ အရိုင်းပိုး ကူးစက်ဝင်ရောက်ခဲ့ခြင်းနှင့်အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါဖြစ်ပွားလာနိုင်မှုကို ကာကွယ် တားဆီးနိုင်ရန် ဒေသအလိုက် ကာကွယ်ဆေးတိုက်နေ့ များကို ဇန်န၀ါရီ(၂၃)ရက်မှ (၂၅)ရက်နေ့ အထိ လည်းကောင်း၊
အမျိုးသားကာကွယ်ဆေးတိုက်နေ့များကို ဖေဖော်ဝါရီ လ (၂၀)ရက်မှ (၂၂)ရက်နေ့ အထိ လည်းကောင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ တာချီလိတ်မြို့နယ်တွင် အသက်ငါးနှစ်အောက် ကလေးငယ်များ ပိုလီယိုကာကွယ်ဆေး
အပိုဆောင်း တိုက်ကျွေးခြင်းကို ယနေ့ ဇန်န၀ါရီ
၂၃ ရက်၊ နံနက်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရာတွင်
ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဇင်ကိုကိုအောင် နှင့်
ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး
ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီ
တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က မြို့ပေါ်ရှိ
ပုန်းထွန် ၊ ၀မ်ကောင်း၊ ဆန်ဆိုင်း(ခ)၊ ရန်အောင်မြေ ၊ ၀မ်မိုင်ရပ်ကွက် တို့တွင် ပူးပေါင်းပါဝင်
တိုက်ကျွေးပေးသည်။
တာချီလိတ်မြို့နယ်၌ ယနေ့ ဇန်န၀ါရီ၂၃ရက်နေ့တွင်မိုင်းကိုးကျေးရွာအုပ်စု၊လွယ်တော်ခမ်း ကျေးရွာ
အုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊
မိုင်းဟဲကျေးရွာအုပ်စုရှိ ကျေးရွာများ၊ တာလေမြို့ နှင့် ကျိုင်းလပ်မြို့ရှိ ကျေးရွာများမှ
အသက်ငါးနှစ်အောက်ကလေးငယ် (၅၁၂၃)ဦး ကာကွယ်ဆေး
တိုက်ကျွေးနိုင်ခဲ့ပြီး၊ မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဇန်န၀ါရီ ၂၅
ရက်နေ့အထိ ဆက်လက်တိုက်ကျွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း
ဓာတ်ပုံ-ကိုကျော်ဝင်းစိန်