တာချီလိတ် မတ် ၂၇
ကျေးလက်နေပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက် ရရှိကာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲ ကို မတ် ၂၆ ရက်၊ နံနက် ၉
နာရီ က တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ “ ပညာမြေ ” စာကြည့်တိုက် အဆောက်အအုံရှေ့၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ စာကြည့်တိုက်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျောလေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အဆောက်အဦအတွင်း ၌ အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး က စာကြည့်တိုက်ရေရှည်တည်တံ့ရေး အမှာစကားပြောကြား သည်။ ပန်ချီဟတ်ကျေးရွာစာကြည့်တိုက်အား ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်၊ နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း(၂၀)နှင့် အလှူရှင်များ၏ လှူဒါန်းငွေကျပ်(၉)သိန်း စုစုပေါင်းငွေကျပ်(၂၉)သိန်းဖြင့် အလျား(၂၂)ပေ၊ အနံ(၁၄)ရှိ အုပ်တိုက် သွပ်မိုးတစ်ထပ် အဆောက်အဦဖြစ်သည်။
ဆက်လက်၍ နံနက် ၁၀နာရီ ခွဲတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျေးရွာအလှူရှင်များမှ ပါဝင်လှူဒါန်းငွေကျပ်(၁၇)သိန်း စုစုပေါင်း
ငွေကျပ်(၂၇) သိန်းဖြင့် ဆောက်လုပ်ခဲ့သည့် အလျား(၂၂)ပေ၊အနံ (၁၄)ပေရှိ တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာ “ ပညာရိပ်မြိုင် ” စာကြည့်တိုက်အဆောက်အဦအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်းနှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ စာအုပ်စာစောင်များအား လှူဒါန်း ပေးသည်။
ဆက်လက်၍ မယ်လိတ်ပါကော်ကျေးရွာ “ ပညာရတနာမွန် ” စာကြည့်တိုက် အဆောက်အဦ အား နံနက် ၁၁ နာရီတွင် ဖွင့်ပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ ရှမ်း(အရှေ့) သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအားဖာ တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး က စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ဦးစီးအရာရှိ က ပါဝင်လှူဒါန်းသူများအား ကျေးဇူးတင် စကားပြောကြားကာ ၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်း က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် ရှမ်း(အရှေ့)သတင်းစာဆရာများအသင်း အတွင်းရေးမှူး ဦးဝင်းဇော်အောင် (တာချီလိတ်သတင်း အေဂျင်စီ) နှင့် ကိုထွန်းထွန်းဝင်း(ကိုထွန်း-မိုင်းဖြတ်)ရွှေတြိဂံသတင်းလွှာ အယ်ဒီတာချုပ်တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူသည်။ အဆိုပါ မယ်လိတ်ပါကော်ကျေးရွာ စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ အလှူရှင်များမှ ပါဝင် လှူဒါန်းငွေ ကျပ်(၃၁၆၅၀၀၀)၊ စုစုပေါင်းငွေကျပ်(၄၁၆၅၀၀၀)ဖြင့် အလျား(၃၀)ပေ၊ အနံ(၁၄)ပေရှိ အုတ်တိုက် သွပ်မိုး အဆောက်အဦဖြစ်ကြောင်းသိရသည်။
ဝေယံလင်း