တာချီလိတ် သြဂုတ်
၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊
မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာများတွင်
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့်
နေအိမ်(၂၆)အိမ်မှ မိသားစုများအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပစ္စည်းများ
ပေးအပ်ပွဲကို သြဂုတ် ၂၁ ရက် ၊ ညနေ ၃ နာရီခွဲက မနော်ကျေးရွာအခြေခံပညာ
မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုသို့
ထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မှ တာပေါ်လင်မိုးကာ (၂၅)ခု၊ မိသားစုသုံး ပစ္စည်းများဖြစ်သည့်
အိုး၊ ခွက်၊ ပန်းကန်များ၊ အ၀တ်အထည်၊ ခြုံစောင်၊
ခြင်ထောင်၊ တာပေါ်လင်စ(၂)ခု စသည့် ပစ္စည်းမျိုးစုံပါ
ပုံး(၁)ပုံးနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းအိတ်
(၃)အိတ် တို့ကို ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့် ၊ မိုင်းကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းပင်း နှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များအား အသီးသီးပေးအပ်သည်။ အဆိုပါ
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စုရှိ
မနော်ကျေးရွာတွင် နေအိမ်(၅)လုံးနှင့် ဘုရားကျောင်း(၁)ကျောင်း၊ ရန်ရှင်း(၃)ကျေးရွာတွင်
အိမ်(၂)လုံး၊ ရန်နိုင်(၁)ကျေးရွာတွင်
အိမ်(၂)လုံး၊ မယ်ဖုံးလုံကျေးရွာတွင် အိမ်(၈)လုံး၊ ကျွမ်ကျန့်(ပလောင်)ကျေးရွာတွင်
အိမ်(၈)လုံးနှင့် ရန်ကုန်ကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ သြဂုတ် ၂၀ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်
နှင့် တာဝန်ရှိသူများက နေအိမ်တစ်အိမ်လျှင်
ထောက်ပံ့ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်း
ငွေကျပ်(၁၃)သိန်းအား သွားရောက်ထောက်ပံ့ခဲ့ပြီး၊
လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ပေးထားကြောင်းသိရသည်။
ဝေယံလင်း