တာချီလိတ် သြဂုတ်
၃၀
ရန်ကုန်မြို့အခြေစိုက်၊ အမေရိကန်သံရုံး
မှ ပထမအတွင်းဝန် Mr. Josh
Morris (Law Enforcement &
Security Section Unit Chief
Political/ Economic Section) ဦးဆောင်သည့် Mr. James A. Walsh (Deputy Assistant
Secretary ) , ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး
နှင့် Kryshn Vermillion ( Foreign Affairs Officer) နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေး ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တာချီလိတ် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ သြဂုတ် ၃၀ ရက်၊ နံနက် ၈ နာရီခွဲက
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဧည့်ခန်းမဆောင်၌ ကျင်းပကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိမ်နီးချင်းနိုင်ငံများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ဘိန်းအစားထိုးသီးနှံ
စိုက်ပျိုးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးရဲမြင့် က
တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများအား
အသိပညာပေးဆောင်ရွက်မှုများကိုလည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က မူးယစ်ဆေးစွဲလူငယ်များ
အား သက်ဆိုင်ရာဌာနများက ဆေးဖြတ်ပေး နေမှုနှင့်
ဆေးဖြတ်စခန်းတိုးချဲ့ဖွင့်လှစ်နိုင်ရေးလိုအပ်ချက်များကိုလည်းကောင်း ရင်နှီးပွင့်လင်းစွာ
ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် ပထမအတွင်းဝန် Mr. Josh Morris က
ဆွေးနွေးရာတွင် တာချီလိတ်ခရိုင်အတွင်းလုပ်ငန်းများ ရည်မှန်းချက်ရှိစွာ ဆောင်ရွက်လျက်ရှိသည့်အတွက်အားရကြောင်း၊
လုပ်ဆောင်ချက်များလည်း တွေ့မြင်ရကြောင်း၊ မူးယစ်ဆေးဝါးပြဿနာမှာ တစ်နေရာတည်း ၊ တစ်နိုင်ငံတည်း ပြဿနာမဟုတ်ကြောင်း၊ကမ္ဘာ့နှင့်အ၀ှမ်းခြိမ်းခြောက်
လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
လူမှောင်ခို လူကုန်ကူးတားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းရည်မြင့်မားသည့် ရဲတပ်ဖွဲ့ဖြစ်ရန်လိုကြောင်း၊
တရား ဥပဒေ စိုးမိုးရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်း ရန် နှင့် နယ်မြေတည်ငြိမ်အေးချမ်းဖို့လည်း လိုအပ်ကြောင်း၊ ထို့အပြင် အစားထိုး သီးနှံများနှင့်အတူ အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်သလို
ကျန်းမာရေး ကဏ္ဍလည်း လစ်လျူရှု၍ မရကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာ ပေးဆောင်ရွက်ရန်လိုကြောင်း၊
အမေရိကန် အစိုးရအနေဖြင့် လိုအပ်ချက်များအား ကူညီနိုင်ရေးအတွက်လာရောက် ခြင်းဖြစ်ကြောင်း၊ ချစ်ကြည်ရေးတံတားသို့
ရောက်ရှိခဲ့ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ လုပ်ငန်းများ စနစ်တကျ
စီမံခန့်ခွဲ၍ ဆောင်ရွက်လျက်ရှိသည်ကို သိသိသာသာ
တွေ့ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကြောင်း ဆွေးနွေးသည်။ ထို့နောက်Mr.JamesA.Walsh
နှင့် Kryshn Vermillion တို့က သိလိုသည်များအား မေးမြန်းရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးသည်။
ဆက်လက်၍ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်ရှိ
အစည်းအဝေးခန်းမတွင် နယ်စပ်ဆက်ဆံရေးရုံး(BLO-
Border Liaison Officer )အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ
ကျင်းပရာ ခရိုင် BLOအဖွဲ့ ဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ၊
မဲခေါင်မြစ်ကြောင်းအတွင်း လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နေမှုနှင့်
လုပ်ငန်းသုံး ခေတ်မီစက်ပစ္စည်းများနှင့် နည်းပညာများ
လိုအပ်နေမှုတို့ကို တာဝန်ရှိသူများက အသီးသီးရှင်းလင်း ဆွေးနွေးသည်။ယင်းနောက် အမေရိကန်သံရုံးမှ ပထမအတွင်းဝန် နှင့် အဖွဲ့က သိရှိလိုသည်မျာအား
အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။
ဆက်လက်၍ မွန်းတည့် ၁၂ နာရီခွဲ တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (တာချီလိတ်ခရိုင်)
ရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ
လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား
အပြန်အလှန် ဆွေးနွေးပြီး၊ မူးယစ်ဆေးစွဲလူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် အသိပညာပေး ဆောင်ရွက်လျက်ရှိသည့် ၀မ်ကောင်း-ကချင်ရွာရှိ တာချီလိတ်ဧည့်ရိပ်မွန်သို့
ရောက်ရှိလေ့လာခဲ့ကြောင်းသိရသည်။
ဝေယံလင်း