တာချီလိတ် စက်တင်ဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
ကျိုင်းလပ်မြို့ ၊ မိုင်းပါလျှိုးကျေးရွာအုပ်စုတွင် ၂၀၁၆-၂၀၁၇
ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ပြန်လည်
အစားထိုး စိုက်ပျိုးနိုင်ရန် မျိုးစေ့များ
အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ
၇ ရက်၊ နံနက် ၁၀ နာရီခွဲက နမ့်ဝမ်း ကျေးရွာဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း က ဒေသခံတောင်သူများအား သီးနှံမျိုးစေ့များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ တောင်သူ များကိုယ်စား
တောင်သူ ဦးအာဗေလှ က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက
မိုင်းပါလျှိုးကျေးရွာအုပ်စုရှိ နမ့်ဆီး(လားဟူ)ကျေးရွာ၊
နမ့်ဝမ်း(၁)ကျေးရွာ၊ နမ့်ဝမ်း(၂) ကျေးရွာ နှင့် နမ့်ဝမ်း(၃)ကျေးရွာတို့မှ တောင်သူ (၁၇၄)ဦး အတွက် မုန့်ညှင်း ၊ ဖူးစားပြောင်း၊ ပဲတောင့်ရှည်၊ ငရုတ်၊ နံနံ၊ ခရမ်းသီး နှင့် ပဲပုတ် မျိုးစေ့များအား ထောက်ပံ့ပေးအပ်ပြီး၊
စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါ
ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သည့်သီးနှံများအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစပါးများ၊ ဟင်းသီးဟင်းရွက်မျိုးစုံမျိုးစေ့များ ၊ ကြွက်ကာကွယ် နှိမ်နင်းနည်းများ၊ ကြွက်သတ်ဆေးများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှအစေ့ ထုတ်ပြောင်းမျိုးစေ့ ကီလို(၉၀၀) တို့ကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ဝေယံလင်း