တာချီလိတ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ် က ကြီးမှူး၍ မူးယစ်ဆေးဝါး
အန္တရာယ်ဆိုးကျိုးများအား သိရှိနားလည်ကာ သုံးစွဲမှု၊
ရောင်းဝယ်မှု လျော့နည်းပပျောက်ပြီး လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ကာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၁၆ ရက်၊
မွန်းလွဲပိုင်းက မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်(အပေါ်)ကျေးရွာရှိ ဘုရားရှိခိုး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အသိပညာပေးဟောပြောပွဲတွင်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊
တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် ဝင်းကျော်ကျော် က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော
ဆိုးကျိုးအန္တရာယ်များ၊ ဥပဒေအရ အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊
ရဲအုပ် အောင်ကျော်စိုး က ခရိုင်အတွင်း နှစ်အလိုက် ဘိန်းခင်းဖျက်ဆီးမှု အခြေအနေများ၊
ရပ်ကွက် နှင့် ကျေးရွာအလိုက် အခြေပြုဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို လည်း ကောင်း အသီးသီး ဆွေးနွေး ဟောပြောသည်။ ယင်းနောက် ဟောပြောပွဲသို့တက်ရောက်လာသူများ က သိရှိလို သည်များအား ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မူးယစ်ဆေးဝါးဆိုးကျိုးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အဆိုပါ ဟောပြောပွဲသို့ မိုင်းကိုးအုပ်စုအတွင်းရှိ မယ်လိတ်ပါကော်(အပေါ်)ကျေးရွာ၊
မယ်လိတ်ပါကော် (အလယ်)ကျေးရွာ၊ မယ်လိတ်ပါကော်(အောက်)ကျေးရွာ၊
နာတာကျိုကျေးရွာနှင့် မနော်ကျေးရွာတို့မှ ကျေးရွာနေ
ပြည်သူ (၂၅၀)ဦးကျော် တက်ရောက်ကြောင်း သိရသည်။
ဝေယံလင်း