တာချီလိတ် အောက်တိုဘာ ၅
သယံဇာတ
နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင် နှင့် အတူ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၃ ရက်၊ မွန်းလွဲပိုင်းက ကျိုင်းတုံ-တာချီလိတ်ကားလမ်းဘေး မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော၊
အကွက်အမှတ်(၉)ရှိ (၁/၂၀၀၉)စီးပွားရေး(ကျွန်း)စိုက်ခင်း
ဧက(၁၀၀) ရှင်သန်ဖြစ်ထွန်းနေမှု၊ အကွက် အမှတ်(၁၉)ရှိ တင်မြင့်ရီကုမ္ပဏီ မှ စိုက်ပျိုးထားသည့် ပုဂ္ဂလိက (ကျွန်း)စိုက်ခင်း ဧက(၂၀၀) တို့အား ကြည့်ရှု
စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ် ၊ မိုင်းကိုးကျေးရွာအုပ်စုရှိ စံပါရမီ နှင့် စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေးကုမ္ပဏီ
များမှ သတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ထို့နောက်
ညနေပိုင်းတွင် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန် မှာကြားခဲ့သည်။ ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အောက်တိုဘာ
၎ ရက်၊ နံနက် ၈ နာရီတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွှေသတ္တုတူးဖော်ထုတ်လုပ်သူများကော်မတီအဖွဲ့၏
ရုံးဖွင့်ပွဲအား တက်ရောက် ဖွင့်လှစ်ပေးသည်။ ထို့နောက် လွယ်စတုံကျေးရွာအနီးရှိ တာချီလိတ်သစ်ဆိပ်သို့
ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း၊ ရှမ်း(အရှေ့/တောင်) သစ်ထုတ်ရေးဒေသ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းစိုးဦး က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ သစ်ဆိပ်များ၏ သစ်ဆိပ်လက်ကျန်စာရင်းများနှင့် လုံခြုံရေးအခြေအနေစီမံထားရှိမှု အား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး သစ်ဆိပ်အတွင်းလိုက်လံ
ကြည့်ရှုစစ်ဆေးသည်။ ထိုမှတဆင့် နံနက် ၁၁ နာရီတွင်
မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ၀မ်ပုံဆိပ်ကမ်းသို့ ရောက်ရှိပြီး ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝေယံလင်း