တာချီလိတ် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊
တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် မြို့နယ်ကြက် ခြေနီအသင်းခွဲတို့
ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို
ယနေ့ စက်တင်ဘာ ၂၃ ရက်၊ နံနက် ၈ နာရီခွဲက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း
သိရသည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က
သင်တန်းမှ ရရှိသည့် ရှေးဦးပြုစုခြင်းများကို မိမိတို့ ပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချရန်နှင့်
သဘာဝဘေးအန္တရာယ်များ ကြုံ တွေ့လာပါက ထိခိုက်ဒဏ်ရာရရှိမှုများကို ကျောင်းသားစိတ်ဓာတ်အပြင် ကြက်ခြေနီစိတ်ဓာတ်မွေးမြူကာ
ရှေးဦးပြုစုခြင်းများဖြင့်
ပြုစုစောင့်ရှောက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း
သင်တန်းဆင်း အမှာစကား တွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး
ဦးမြင့်နိုင် ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု
ကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် တာဝန်ရှိသူများက
ကျောင်းသားကျောင်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ အဆိုပါ
ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်
နှင့် သင်တန်းနည်းပြများက လူနာဆန်းစစ်ခြင်း၊
မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊ အရိုးကျိုးခြင်းနှင့် ပတ်တီးစည်းခြင်းများ၊
အဆိပ်မိခြင်း၊ အပူလောင်ခြင်း၊ နှလုံးနှိုးဆွခြင်း၊ အသက်ရှူ အားကူနည်း၊
ဆို့နင့်ခြင်း၊ ပတ်တီးစည်းနည်းအမျိုးမျိုး စသည့် အခြေခံရှေးဦးပြုစုနည်းများကို လေးရက်ကြာ
သင်ကြားပေးခဲ့ခြင်းဖြစ်ရာ သင်တန်းသို့ တာချီလိတ်အခြေခံပညာအထက်တန်းကျောင်း၊
ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းနှင့် ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်း တို့မှ
အထက် တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅၀ ဦး တက်ရောက်သင်ကြားခဲ့သည်။ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၁၈ခုနှစ်အတွင်း တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊
မြို့ယောင်းမြို့နယ်များတွင်
လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ကျောင်းသား
ကျောင်းသူများအား
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း စုစုပေါင်း ၁၀ ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း
သိရ သည်။
ဝေယံလင်း